From Myanmar Online Encyclopedia
Jump to: အညွှန်း, ရှာဖွေရန်
ဦးရာဇတ်
ဦးရာဇတ်
မွေးသက္ကရာဇ် ၁၈၉၈-ခုနှစ် ဇန်ဝါရီလ ၂၀-ရက်၊ တနင်္လာနေ့
အမည်ရင်း ဦးရာဇတ်
နိုင်ငံ မြန်မာ
မိဘအမည် မစ္စတာ အေ ရာမန် + ဒေါ်ငြိမ်းလှ
ကိုးကွယ်မှု အစ္စလာမ် ဘာသာ
အလုပ်အကိုင် ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး
မွေးဖွားရာဒေသ မိထ္ထီလာမြို့
ထင်ရှားကျော်ကြားမှု အာဇာနည် ပုဂ္ဂိုလ်
ဦးရာဇတ်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော
ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော
ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
Contents
[hide]
* 1 ငယ်ဘဝ
* 2 ပညာရေး
* 3 လူမှုဆက်ဆံရေး
* 4 ဦးရာဇတ်နှင့်မျိုးချစ်စိတ်
* 5 နိုင်ငံရေးလှုပ်ရှားမှု
* 6 ရေးသားခဲ့သော စာပေ
* 7 ဘ၀နိဂုံး
* 8 ကိုးကား
[ပြင်ဆင်ရန်] ငယ်ဘဝ
ဦးရာဇတ်သည် (၁၈၉၈-၁၉၄၇) တိုက်ပိုင်အင်စပိတ်တော် မစ္စတာ အေ၊ ရာမန်နှင့်
ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသော သားသမီး ၁၃-ယောက်အနက် စတုထ္ထသားဖြစ်သည်။
မိထ္ထီလာမြို့တွင် ၁၈၉၈-ခုနှစ် ဇန်ဝါရီလ ၂၀-ရက်၊ တနင်္လာနေ့တွင်
ဖွားမြင်သည်။
[ပြင်ဆင်ရန်] ပညာရေး
မိထ္ထီလာမှ မန္တလေးသို့ မိသားစုအလုပ်အတွက်နှင့် ပြောင်းရွှေ့ရသောအခါ
မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှ
စတင်ကျောင်းတက်သည်။ စတုတ္ထတန်း အောင်မြင်သောအခါ
ဝက်စလီယန်ယောင်္ကျားကလေးကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ အဋ္ဌမတန်းသို့
ရောက်လျှင် စာသင်ခန်းထဲတွင် ထူးချွန်သဖြင့်ဆရာကြီးက တက္ကသိုလ်
ဝင်တန်းသို့အတန်းကျော် တင်ပေးသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်
ဖြေဆိုရာ ကောင်းစွာအောင်မြင်သည်။
ကိုရာဇာတ်ကို သူ့မိဘများက ရန်ကုန်မြို့ကောလိပ်သိပ္ပံကျောင်းသို့လွှတ်ကာ ပညာ
ဆက်လက်သင်ကြားစေသည်။ ၀ိဇ္ဇာတန်းတွင်အင်္ဂလိပ်စာဂုဏ်ထူး ယူခဲ့သည်။ ကောလိပ်
ကျောင်းပညာဆည်းပူနေစဉ် အင်္ဂလိပ်စာစီစာကုံးပြိုင်ရာ ပထမရရှိသဖြင့်
ဘိုင်မြား ရွှေတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်။
ကိုရာဇာတ်သည် ပညာဘက်တွင်သာထူးချွန်သည်မဟုတ်သေး တင်းနစ်၊ ခရစ်ကတ်၊
လက်ဝှေ့၊ ဘောလုံးစသည့် အားကစားဘက်တွင်လည်း ပြောင်မြောက်လေသည်၊
ကောလိပ်ကျောင်း ဘောလုံးအသင်းတွင် ပါဝင်ခဲ့လေသည်။
၁၉၂၀-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီးတွင်
သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လေသည်။
သပိတ်မှောက်ကောင်စီမှ သပိတ်မှောက်ကျောင်းသားများ ပညာရေးတွင် မနစ်နာစေရန်
မြန်မာတနိုင်ငံလုံးရှိမြို့ကြီးများတွင် အမျိုးသားကျောင်းများ
ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက် ကိုရာဇတ်သည် မန္တလေးမြို့
ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီး အင်္ဂလိပ်ဘာသာနှင့် ပါဠိဘာသာပြ
အထက်တန်းပြဆရာအဖြစ် ၁၉၂၁-ခုနှစ်မှစတင်လုပ်ကိုင်ခဲ့သည်။
၁၉၂၁-ခုနှစ်တွင်ပင် အမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေ
စာမေးပွဲကိုဝင်ရောက်ဖြေဆိုရာ ကောင်းစွာအောင်မြင်လေသည်။
ဗဟိုအမျိုးသားကျောင်း တွင် ၁၉၂၃-ခုနှစ်မှစတင်၍ ကျောင်းဆရာကြီးအဖြစ်၎င်း၊
ကျောင်းအုပ်အဖြစ်၎င်း ဆောင်ရွက်ခဲ့လေသည်။
ဦးရာဇာတ်သည် အင်္ဂလိပ်စာအရေးအသား အစီအကုံးကောင်း၍ အသနားခံစာ စသည်တို့ကို
တစ်ပါးသူအတွက် ရေးသားပေးလေ့ရှိသောကြောင့် “စေတနာ့ဝန်ထမ်း
လျှောက်လွှာစာရေးကြီး” ဟုပင် ချစ်စနိုးခေါ်ဝေါ်ကြသည်။
တစ်ခါက အန္ဒိယ နယူးတိုင်း မဂ္ဂဇင်းသို့ ရှမ်းပြည်နယ်၌ အထူးကျော်ကြားသော
၃၆-ကောင်ထီအကြောင်းကို ကြေးစန္ဒီနတ်ရုပ်နှင့် တကွ အတိတ်ပေးပုံ၊ ကပ်တိတ်၊
အနီး ဖေါ်ပြပြီးလျှင် ပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆုကို
ရရှိခဲ့ဖူးလေသည်။
ဆရာကြီးသည် အင်္ဂလိပ်စာသာမက မြန်မာစာလည်းကျွမ်းကျင်သူဖြစ်သည်။ မြန်မာနှင့်
ပါဠိဘာသာရပ်များကိုကျောင်း သင်ကြားခဲ့ရခြင်းမဟုတ်ဘဲ
ကျောင်းပိတ်ရက်များအတွင်း မန္တလေးမြို့၊
နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊
အတုမရှိကျောင်းတိုက် စသည့်ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံ၌
သွားကာလေ့လာသင် ယူခဲ့ခြင်းဖြစ်သည်။
၁၉၃၈-ခုနှစ်တွင်မြန်မာနိုင်ငံတ၀ှမ်းလုံး ကျောင်းသားများ
သပိတ်မှောက်ခဲ့ကြသည်။ ထိုအခါ မန္တလေးမြို့ရှိ ဥရောပတိုက်သား ပညာဝန်နှင့်
အရေးပိုင်ကြီးတို့သည် ဆရာကြီး ဦးရာဇာတ်အုပ်ချုပ်ရာ
အမျိုးသားကျောင်းသို့ရောက်ရှိလာကြသည်။ ထိုနောက်အရာရှိကြီးများက
ကျောင်းသားများ ကျောင်းကို သပိတ်မှောက် မမှောက်မေးကြရာ ဆရာကြီးက
‘ကျုပ်ကျောင်းကို ကျုပ်ကျောင်းသားများ ဘယ်တော့မှ သပိတ်မမှောက်'
ဟုဖြေဆိုလိုက်သဖြင့် ၀မ်းသာကာပြန်သွားကြသည်၊
ထို့နောက် နာရီဝက်ခန့်အကြာတွင် ခေါင်းလောင်းတီးပြီး သပိတ်မှောက်သွား
ကြလေသည်။ ထိုအခါ အထက်ဖော်ပြပါအရာရှိကြီးနှစ်ဦးသည် ဆရာကြီးထံ
ပြန်သွားကြပြီးလျင် ဆရာကြီးညာတယ်။ လိမ်တယ် ဟုပြောကြသည်။ ဆရာကြီးသည်
သူတို့အား မည်သို့မျှမဖြေကြားဘဲ ကျောင်းသားများသမဂ္ဂဥက္ကဌကိုခေါ်လိုက်လေသည်။
သမဂ္ဂဥက္ကဌရောက်လာသောအခါ ဆရာကြီးက “မင်းတို့ ငါ့ကျောင်းကိုသပိတ်မှောက်
ကြတာလား” ဟုမေးလိုက်ရာ သမဂ္ဂဥက္ကဌက “ကျွန်တော်တို့ဆရာကြီးကို ဘယ်တော့မှ
သပိတ်မမှောက်ပါ။ ယခုသပိတ်မှောက်ခြင်းမှာ ပညာရေးစနစ်ကို
မှောက်ခြင်းဖြစ်သည်”ဟု ဖြေကြားသည်။ အရာရှိနှစ်ဦးလည်း
သဘောပေါက်ကာလက်လျှော့ပြန်ရလေသည်၊
[ပြင်ဆင်ရန်] လူမှုဆက်ဆံရေး
ဦးရာဇာတ်သည် ဖခင်၏ အစ္စလာမ် အယူဝါဒကို လက်ခံသော်လည်း မိခင်၏ ဗုဒ္ဓ
အယူဝါဒကိုလည်း မပစ်ပယ်ချေ။ များသောအားဖြင့် ဆရာကြီးသည် ဗုဒ္ဓအယူဝါဒီ
ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီး ပေါင်းသင်းဆက်ဆံလေ့ရှိသည်။
ထို့ကြောင့် ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးမြို့ကဲ့သို့သော
မြို့ကြီးတစ်မြို့ရှိ အမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်
အဖြစ်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းအုပ်အဖြစ် အမှုထမ်းစဉ်
ကျောင်းသားများ၏ ကိုယ်လက်ကျန်းမာရေးအတွက် ကွင်းဆင်းချိန်၌
ကွင်းမဆင်းသူများနှင့် နံနက်တိုင်း ဘုရားရှိခိုးချိန်တွင်
ဘုရားရှိခိုးမတက်သော ကျောင်းသားများကို ကြိမ်လုံးတစ်ချောင်းဖြင့်
ကြပ်မတ်ပေးလေ့ရှိသည်။
ဆရာကြီးဦးရာဇာတ်သည် ဂုဏ်ရည်တူသူများ၊ အထက်တန်းကျသူများနှင့် ဆက်ဆံ ရာတွင်
မျက်နှာထားတည်တည်နှင့် ဆက်ဆံလေ့ရှိသော်လည်း တပည့်များနှင့် ဆက်ဆံရာတွင်
အမြဲလိုလိုပင် ဆေးပေါ့လိပ်ကြီးကိုခဲကာ မဲ့ပြုံးကလေး ပြုံးလျက်ဆက်ဆံလေ့
ရှိသည်။ ထို့ကြောင့် ကျောင်းသူကျောင်းသားများက ဆရာကြီးကို အမြဲတစေ
ချစ်ကြောက်ရိုသေကြသည်။
[ပြင်ဆင်ရန်] ဦးရာဇတ်နှင့်မျိုးချစ်စိတ်
ကျောင်းဆရာနှင့် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဦးရာဇာတ်သည်
ကျောင်းသားများအား ပညာကိုသာမက
မျိုးချစ်စိတ်ဓါတ်ကိုပါသွတ်သွင်းပေးလေ့ရှိသည်။ သူကား နိုင်ငံခြားဖြစ်
ဆေးလိပ်၊ စီးကရက်ကို သောက်လေ့မရှိ။ ပြည်တွင်းဖြစ် မလှမင်းဆေးပေါ့လိပ်
အတုတ်ကြီးကို အမြဲလိုလို သောက်လေ့ရှိခြင်းက သူ့မျိုးချစ်စိတ်ကို
ထင်ရှားစေသည်။
ကျောင်းတွင် ကျောင်းသားများကို သမဂ္ဂဖွဲ့စည်းစေပြီး၊ ထိုစဉ်က ကျောင်းသား
ခေါင်းဆောင်များ ဖြစ်ကြသော ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် ဦးရာရှစ်
စသည်တို့နှင့် အဆက်အသွယ်ပြုလုပ်ပေးခဲ့သည်။ ၁၉၃၇-ခုနှစ်တွင်
ဒုတိယအကြိမ်ကျောင်းသားကွန်ဖရင့် မန္တလေးမြို့တွင် ကျင်းပရာ
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့အလာတွင် ဆရာကြီးဦးရာဇာတ်
အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံ
ကြိုဆိုခဲ့လေသည်၊
ဆရာကြီးသည် မြန်မာအမျိုးသားတို့ကို ချစ်ခင်သူဖြစ်သည့်အတိုင်း
ဗမာ-မွတ်ဆလင် ဟူသောအမည်ကို စတင်၍ အသုံးပြုခဲ့လေသည်။
[ပြင်ဆင်ရန်] နိုင်ငံရေးလှုပ်ရှားမှု
ရမည်းသင်းမြို့တွင်ပြုလုပ်သော ဗမာမွတ်ဆလင်ညီလာခံ၏
ဥက္ကဌအဖြစ်ရွေးကောက်တင်မြှောက်ခံရလေသည်။ မန္တလေးမြို့ အပျော်တမ်း
ရဲတပ်ဖွဲ့ဖွဲ့စည်းရာတွင်လည်း အုပ်ချုပ်သူ ဗိုလ်ကြီးအဖြစ် ခန့်အပ်ခံရသည်။
ဂျပန်ခေတ်တွင် ဆရာကြီးသည် ထောင်သွင်းအကျင်းချခြင်းခံခဲ့ရဖူးရာ သူ့အား
ရွှေဘိုမှ-မန္တလေး ထောင်သို့ အပြောင်းတွင် တပည့်များက
မိမိတို့အသက်ကိုစွန့်လွှတ်၍ လုယူကယ်ဆယ်ရန် ကြံစည်ခဲ့ဖူးသည်၊
သို့သော်ဆရာကြီးက ထိုအကြံကို ခွင့် မပြုခဲ့ချေ။
ဦးရာဇာတ်သည် ၁၉၄၅-ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မန္တလေးခရိုင်
ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ)တွင် ပထမဦးစွာ ဥက္ကဌအဖြစ်
ရွေးချယ်ခန့်အပ်ခြင်းခံရသည်။
၁၉၄၇-ဧပြီလတွင်တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပသောအခါ မန္တလေး
မြို့မ အရှေ့ပိုင်းအမတ်အဖြစ်ရွေးကောက် ခြင်းခံရသည်။
ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရ၀န်ကြီးအဖွဲ့တွင်
ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့ရသည်။
၁၉၄၇-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ဒီကရီကောလိပ်အဖြစ်
တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာလည်း ဆရာကြီး ဦးရာဇာတ်၏
ကြိုးပမ်းမှုကြောင့်ဖြစ်သည်။
၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ဆရာကြီးဦးရာဇာတ်သည် ဗိုလ်ချုပ်
အောင်ဆန်းနှင့်အတူ အခြားနိုင်ငံ ခေါင်းဆောင်ကြီးများနှင့်
အတူလုပ်ကြံခံရလေသည်။ ထိုအခါက သူ့အားသွေးအိုင်ထဲမှပွေ့ပိုက်ထူမပေးသော အခါ
“ကျွန်တော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ သခင်မြတို့က ပိုဆိုးပုံရတယ်။
သူတို့ကိုသာ ဂရုစိုက်ကြပါ” ဟုပြောကြားခဲ့လေသည်။
[ပြင်ဆင်ရန်] ရေးသားခဲ့သော စာပေ
1. ရွှေနန်းတွင်း အရေးတော်ပုံ (၁၉၃၆-ခု)၊ (၁၉၅၉-ခု)
2.
[ပြင်ဆင်ရန်] ဘ၀နိဂုံး
ဦးရာဇာတ်သည် ကွယ်လွန်သည့်အချိန်တွင် ပါဠိတက္ကသိုလ်တစ်ခုဖြစ်မြောက်ရေး
ကိုကြိုးပမ်းနေဆဲဖြစ်သည်။ ဆရာကြီးကွယ်လွန်သောအခါ ဇနီးဒေါ်ခင်ခင်နှင့် သား
၂-ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့လေသည်။ [1]
[ပြင်ဆင်ရန်] ကိုးကား
1. ↑ မြန်မာစွယ်စုံကျမ်း